Sunday, December 27, 2009

Happy Newyear အတွက်ပါ

နှလုံးသားအလို

ကျမမှာ စိတ်ရောဂါ တစ်ခုခု ရှိနေပြီလား…….ဘယ်သူကမှ ဒီလိုမပြောကြပေမယ့် ကျမသိနေတယ်။ အဖေရယ် အမေရယ် အစ်မရယ်…ကျမ မိသားစု တစ်ခုလုံးရဲ့ အကြည့်တွေ အပြောတွေက ကျမကို ရောဂါသည်တစ်ယောက်လို သဘောထားနေတာ ကျမ သိတာပေါ့။ ကျမဟာ သူတို့အတွက် သနားစရာ သတ္တ၀ါဖြစ်နေပြီလား………..။ ကျမ တကယ်ရူးတော့မှာလား……..။စိတ်ညစ်တယ်။ ပြောရရင် စိတ်ညစ်တာထက် အများကြီးပိုပါတယ်။ စိတ်ပျက်လှပြီ။ စိတ်ကုန်လှပြီ။ အိမ်နဲ့ ဝေးရာ လူတွေနဲ့ဝေးရာ တစ်နေရာရာကို ထွက်ပြေးချင်လိုက်တာ…….။
ကျမက ငယ်ငယ်ကတည်းက လှချင်တာ။ ၀ရင် အရုပ်ဆိုးမှာဆိုတာ သိနေတော့ ၀မှာလည်း သိပ်ကြောက်တာပဲ။ ဒါ့ကြောင့် အစားရှောင်တယ်။ လေ့ကျင့်ခန်းတွေ ဖိလုပ်တယ်။ ကြာတော့ ဘာမှ စားချင်သောက်ချင်စိတ် မရှိတော့ဘူး။ ခံတွင်းပျက်လာတယ်။ ညညဆိုရင်လည်း အိပ်မပျော်တော့ဘူး။ အိပ်ပျက်ညတွေ များလာတယ်။ မှန်ကြည့်လိုက်ပြန်တော့လည်း မှန်ထဲက " အရိုးပဒေသာမ " က ကျမကို ပြောပြနေတယ်။ ကျမ အသက်(၁၈)နှစ် အရပ်က ၅' ၈" ကိုယ်အလေးချိန်က ၉၅ ပေါင်ပဲ ရှိတယ်။ ကျောင်းက ကောင်လေးတွေပြောင်ခေါ်ကြသလို ကောင်မလေးတွေ မကြားနိုးနား အတင်းခုတ်သလို " အရိုးပဒေသာမ " ဆိုတာ ဟုတ်မှာပါပဲ………..။
ကျမမှာ အပေါင်းအသင်းဆိုတာလည်း မရှိပါဘူး။ ကျောင်းက ပျော်ပွဲရွှင်ပွဲတွေနဲ့လည်း ဝေးဝေးပဲ နေပါတယ်။ သူတို့က သူတို့ ကျမက ကျမ… ဘာဆိုဘာမှ မတူကြဘူးဆိုတာ စိတ်ထဲက အလိုလို သိနေတယ်။ သူတို့ရဲ့ သရော်စော်ကားအကြည့်တွေ၊ အပြောတွေ၊ အပြုံးတွေကို ကျမ မုန်းလှပြီ။ ဒီလိုနဲ့ ဘယ်သူနဲ့မှ ဘာစကားမှ မပြောချင်တော့ဘူး။ ခက်တာက ကျမအစ်မ။ တစ်ခန်းတည်းမှာ နေရတာဆိုတော့ ဘယ်လိုမှ ရှောင်မရဘူး။ အစ်မက ကျမကို အချိန်ပြည့်အကဲခတ်နေတာ။ ဟိုဟာလေးစားလိုက်ဦး။ ဒီဟာလေး စားလိုက်ဦးလို့လည်း စားစရာတစ်ခုခုကို ခဏခဏ ကျွေးတတ်တယ်။ ကျမမှ မစားချင်တာ။ ဘာတတ်နိုင်မှာလဲ။ အပြင်ကို အလည်ထွက်ဖို့လည်း ခဏခဏခေါ်ပါတယ်။ ကျမမှ မလည်ချင်တာ။ ဘာတတ်နိုင်မှာလဲ။ သူဖြစ်ချင်တာ မဖြစ်ရတော့ သူကပဲ ဒေါသထွက်ချင်သေးတယ်။ ကျမကို ဆူုတယ်။ ချက်ချင်းပဲ မျက်နှာပြင်ပြီး ညီမလေးရယ် ဘာရယ်ညာရယ် ဆိုပြီး ချော့ပြန်တယ်။ ပြီးတော့ မာရသွန်မိန့်ခွန်းရှည်ကြီး ခြွေပါလေရော………………..။ ပျင်းလိုက်တာ။
တစ်နေ့တော့ အဖေက ကျမကို အ၀တ်ဗီရိုလေးတစ်လုံး ၀ယ်ပေးပါတယ်။ သိတာပေါ့။ ကျမကို အ၀တ်ဗီရိုတစ်လုံး ၀ယ်ပေးပါတယ်။ သိတာပေါ့။ ကျမကို ချော့နေတာ။ ဗီရိုအသစ်ထဲကို အ၀တ်အစားတွေ ထည့်ပြီးပြီဆိုတာနဲ့ အမေက ထမင်းစားဖို့ လာခေါ်တယ်။ မဆာသေးဘူး အမေ လို့ ပြောပေမယ့် မရဘူး အခုစား တဲ့။ နောက်တော့ အဖေရော အမေရောက သူတို့ရှေ့မှာ တစ်ခုခု စားပြရမယ်လို့ လုပ်လာရော။ ကျမ စိတ်ပျက်လက်ပျက်နဲ့ အော်ရယ်ပစ်လိုက်တယ်။ ဘာပြောကောင်းမလဲ။ တစ်အိမ်သားလုံး မျက်စိပျက်မျက်နှာပျက်နဲ့ ကျမကို ဇွတ်ဖမ်းပြီး ဆေးခန်းတစ်ခုကို ခေါ်သွားကြတယ်။ စိတ်ကုဆရာဝန်ဆိုလား မသိပါဘူး။ လေတော့ အတော်ပန်းနိုင်တဲ့သူပါ။ တစ်နာရီနီးပါးလောက် သူကပဲ မရပ်မနား စကားတွေပြောတော့တယ်။ ပြောရင်းက ဟုတ်လား ဟုတ်လား လို့လည်း ခဏခဏ မေးသေးတယ်။ ကျမလည်း စိတ်ချဉ်ချဉ်ရှိတာနဲ့ ဟုတ်ဘူး ဟုတ်ဘူး လို့ အော်ပစ်လိုက်တာပေါ့။
ဒီလိုနဲ့ အိမ်မှာနေရတာ စိတ်အဆင်းရဲဆုံးအချိန်မှာ ကျမကောလိပ်တက်ရပါတယ်။ တစ်ခြားမြို့ ကိုသွားတက်ရတာဆိုတော့ အိမ်နဲ့ ဝေးပြီပေါ့။ ပျော်လိုက်တာ။ တစ်ခုပဲ စိတ်ထဲက ထင့်နေတာ ရှိတယ်။ ကျမတို့ အဆောင်က လေးယောက်ခန်းဆိုတော့ တစ်ခြားကျောင်းသူသုံးယောက်နဲ့ အတူနေရမှာ။ သူတို့နဲ့ အဆင်ပြေမှ ပြေပါ့မလား…….။ တကယ်တမ်းအတူနေရတော့လည်း စိုးရိမ်သလိုဖြစ်မယ် မထင်တော့ပါဘူး။ ကျမ အခန်းဖော်တွေနဲ့ မိတ်ဆက်ပေးရဦးမယ်။ ဟိုခပ်၀၀တစ်ယောက်က ဂျူလီယာ တဲ့။ သူ့ကြည့်လိုက်ရင် အမြဲတမ်း တစ်ခုခုစားနေတာ တွေ့ပါလိမ့်မယ်။ ခပ်ပိန်ပိန် အရပ်ရှည်ရှည်နဲ့ တစ်ယောက်က ပန် တဲ့။ လူပိန်သလောက် အရယ်သန်တဲ့ မိန်းမပေါ့။ အလှဆုံးတစ်ယောက်ကတော့ ဒိုင်ယာနာ တဲ့။ အမြဲတမ်းလို သီချင်းတအေးအေးနဲ့ နေတတ်တယ်။ အရုပ်ဆိုး အကျည်းတန်ဆုံးကတော့ ပြောဖို့မလိုပါဘူးနော်။ ကျမပေါ့…………။
ကျမတို့လေးယောက် ကျောင်းအတူတူ တက်ကြတယ်။ အတူလျှောက်လည်ကြတယ်။ အတူစားသောက်ကြတယ်။ အတူစာကျက်ကြတယ်။ ညတိုင်းလိုလို ရောက်တတ်ရာရာ လေပန်းကြတယ်။ သူငယ်ချင်းသုံးယောက်လုံးက ကျမကို လူထူးလူဆန်းလို မဆက်ဆံဘူး။ သြဇာမာလကာတွေ မပေးကြသလို ဘာမှလည်း တယုတယ လုပ်မနေကြပါဘူး။ ကျမကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကို တသီးတခြားလို့ မမြင်လှတော့ဘူး။ သူတို့နဲ့ အတူတူလို့ တဖြည်းဖြည်း ထင်လာတယ်။ ကျမတို့ချင်း ရင်းနှီးလာတာနဲ့အမျှ တစ်ယောက်အကြောင်းတစ်ယောက် ရင်ဖွင့်ကြတယ်။ ကျမပြဿနာတွေကို ပြောပြတော့ ပန် က တဟားဟားရယ်တယ်။ ဂျူလီယာ ကတော့ ခုလို မှတ်ချက်ချတယ်။ နင်ကလည်းဟာ စားတာများ ခက်တာမှတ်လို့ ဒီမှာကြည့် ငါစားပြမယ်လ ပြောရင်းက ဟန်ဘာဂါကို ပလုတ်ပလောင်း စားပြတော့ ကျမဖြင့် ရယ်လိုက်ရတာ။ စိတ်ညစ်ခဲ့ဖူးတာကိုတောင် မေ့သွားပါရော…….။ ဒိုင်ယာနာ ကတော့ ဘာမှ မပြောဘူး။ သူ့ထုံးစံအတိုင်း သီချင်းတစ်ပုဒ်ကို ကောက်ညည်းလိုက်တယ်။ အမိန့်တွေ ပေးတာ မကျေနပ်ဘူး။ ရင်ထဲမှာရှိတာ အမှန်တရား ….ဟား …..ဟား ……..ဟေ့……..။
ကျမတို့သုံးယောက်လုံုးဒိုင်ယာနာ သီချင်းကို သံပြိုင်ဟစ်လိုက်ကြပါတယ်။

ဆူဆန် လို့ခေါ်တဲ့ ကလေးမလေးရဲ့ ကိုယ်တွေ့ဖြစ်ပါတယ်။ ကောလိပ်ရောက်လို့ နှစ်ဝက်မကျိုးခင်ပဲ ဒီကလေးမရဲ့ စိတ်အခြေအနေဟာ ပုံမှန်ဖြစ်သွားပါတယ်။ သူ့ကို ကုလိုက်တာ ဘယ်ဆရာဝန်မှ မဟုတ်ပါဘူး။ သူ့သူငယ်ချင်းလေးသုံးယောက်ပါ သူတို့သုံးလိုက်တဲ့ ကုသနည်းမှာ ဘာဆေးဝါးမှ မပါဘူး။ ဘာညွှန်ကြားချက် ဘာမိန့်ခွန်းမှ မခြွှေဘူး။ နှလုံးသားရဲ့ အနက်ရှိုင်းဆုံး လိုအပ်ချက်ကို ဖြည့်စွမ်းပေးလိုက်တာသာ ဖြစ်ပါတယ်။ အဲဒါကတော့ နားလည်မှု ပါ။ လူမှုဆက်ဆံရေးမှာ နားလည်မှုကိုသာ ဖန်တီးနိုင်ရင် တစ်ဝက်မက အောင်မြင်ပြီလို့ ဆိုနိုင်လောက်ပါတယ်။

Source: : နှစ်ဆယ့်တစ်ရာစု သားရွှေဥ( ကျော်ဝင်း )

No comments: