Friday, November 28, 2008

ဆရာ

တိုက်ပုံ
သုမောင်

(၁)

လူမှန်းသိတတ်စမှ စပြီး တိုက်ပုံ စတင်ဝတ်ဖူးခဲ့ဖူးတာ ရှစ်တန်းကျောင်းသားဘ၀ကျမှ ဖြစ်သည်။ တိုက်ပုံဝတ်ချင်သည့် စိတ်ကတော့ မူလတန်း ကျောင်း သားဘ၀ကတည်းက ဖြစ်၏။ အကြောင်းမှာ မူလတန်း အင်္ဂလိပ် စာပြဆရာ ဦးစောစိန်သည် တိုက်ပုံအမြဲဝတ်သောကြောင့် ဖြစ်၏။ လူဆိုသည်မှာ ကိုယ့် ဆရာ လုပ်တာမှန်သမျှကို အထင်ကြီးမြဲပဲ မဟုတ်ပါလား။ ပြီးတော့ လူငယ်ဆိုတာ လူကြီးသိပ်ဖြစ်ချင်သည် မဟုတ်လား။

ကျွန်တော့်ဆရာသည် တိုက်ပုံအမြဲဝတ်သော်လည်း အရောင်တော့ မပြောင်းပေ။ အမြဲတမ်း မီးခိုးရောင်နုနုကိုသာ ၀တ်သည်။ဆရာ့မှာ တိုက်ပုံမီးခိုးရောင် ဘယ်နှထည်ရှိသလဲ ဟူသော မေးခွန်းကိုကား မမေးရဲ။ မေးစရာလည်း မလို။ အကြောင်းမှာ ဆရာဝတ်သော မီးခိုးရောင်တိုက်ပုံသည် တစ်ထည်တည်းသာဖြစ်မှန်း သိလာသောကြောင့်ဖြစ်၏။
အရောင်အဆင်းက မှိန်သထက်မှိန်လာခြင်း၊ ဟိုနားဒီနား အနားစတွေ ဖွာလာခြင်း၊ ဟိုတစ်စ သည်တစ်စ ပြဲလာစုတ်လာခြင်းကို မြင်ရသောကြောင့် ဖြစ်၏။ ဆရာက အဲသည် နေရာလေးတွေကို ပြန်í ပြန်í ဖာထေးခြင်းပြုခဲ့လေသည်။
မဟုတ်မှလွဲရော၊ ဆရာ့ရည်းစားက လက်ဆောင်ပေးတာဖြစ်မယ်ကွ ဟု လေးတန်းသုံးခါကျ ကျောင်းသားကြီးတစ်ယောက်က ကွယ်ရာမှာပြောတာ မှတ်မိသေးသည်။
သည်လိုနှင့် တစ်ခုသော ဆရာကန်တော့ပွဲတွင် ကျွန်တော်တို့ သူငယ်ချင်းတွေ ပေါင်းပြီး ချုပ်ပြီးသား မီးခိုးရောင်တိုက်ပုံတစ်ထည် ဈေးထဲ အပြေးဝယ်ပြီး ဆရာ့ကို ကန်တော့လိုက်ကြသည်။ ဆရာက----------
သာဓု သာဓု သာဓု ဟု သုံးကြိမ်ခေါ်သော်လည်း ပထမ သာဓု သာ ပီသပြီး ဒုတိယနှင့် တတိယ သာဓု ကတော့ တစ်ဆို့နစ်ဝင်သွားလေ သည်။ ပြီးတော့ ဆရာ့မှာ ပီတိမျက်ရည်တွေနှင့်။သို့သော် ကျွန်တော်တို့ ကန်တော့သော တိုက်ပုံကိုမူတစ်ခါမျှ ၀တ်တာ မတွေ့ဖူးသေး။ မမေးရဲ မေးရဲ မေးကြည့်တော့-------------
ငါ့တိုက်ပုံက ပစ်လိုက်ရတဲ့အဆင့် လက်နှီးစုတ် မဟုတ်သေးပါဘူးကွယ်၊ ဘာပဲဖြစ်ဖြစ် မင်းတို့တိုက်ပုံကို တစ်နေ့တော့ ၀တ်ပြပါ့မယ်။

ထိုတစ်နေ့ကား တစ်နေ့တော့ရောက်ရှိလာခဲ့သည်။ ဆရာ့ မင်္ဂလာဆောင်မှာ။ ဆရာဆင်းရဲသလို ဆရာ့ ဇနီးကလည်း ဆင်းရဲပုံရသည်။ ဆရာတို့ မင်္ဂလာဆောင်မှာ ရပ်ကွက်ဘုန်းကြီးကျောင်းမှာပဲ ဖြစ်သလို ပြုလုပ်လိုက်ကြသည်။ ပရိသတ်ကလည်း ရပ်မိရပ်ဖနှင့် ဆရာ့တပည့် မိဘများ၊ လုပ်ဖက်ကိုင်ဖက်များမျှသာ။ ကျွန်တော်တို့ကတော့ ကူဖော်လောင်ဖက်။ မင်္ဂလာဆောင်မှာ ဧည့်ခံတာက ကိတ်မုန့်ကြမ်းပါးပါးလေးတွေနှင့် ကာကာကုလားဆိုင်က လက်ဖက်ရည်။ကျွန်တော်ဝမ်းသာတာက ထိုပွဲတွင် ဆရာသည် ကျွန်တော်တို့ ကန်တော့ထားသော တိုက်ပုံအင်္ကျီ အသစ်ကို ၀တ်ထားခြင်းဖြစ်၏။ ရယ်စရာကောင်းနေတာက ကျွန်တော်တို့ ၀ယ်လာခဲ့သော တိုက်ပုံက ကြီးပြီး ပိန်ညှော်ညှော်ဆရာနှင့် ဘယ်လိုမှ မလိုက်ဖက် ဖြစ်နေခြင်းပင်။ ကျောင်းဆင်းကျောင်းတက်ထိုးသော ဂလိုင် ကဲ့သို့ဖြစ်နေလေသည်။ ဘာပဲဖြစ်ဖြစ် ထိုအကြိမ် ပီတိမျက်ရည် ကျကြရတာက ကျွန်တော်တို့ကျောင်းသူကျောင်းသားတွေပါပဲ။

(၂)

ဘ၀တွေပြောင်းခဲ့ပြီ။ အချိန်တွေနှောင်းခဲ့ပြီ။ ကျွန်တော်လည်း မြို့ တက် အလုပ်လုပ်ရင်း အရာရှိတစ်ယောက် ဖြစ်နေပါပြီ။ သူငယ်ချင်းတွေလည်း ဖြစ်ချင်ရာဖြစ်၊ နစ်ချင်ရာနစ်ကုန်ကြပြီ။ တစ်ယောက်နှင့်တစ်ယောက် တစ်နှစ် နေလိုမှ တစ်ခါ မတွေ့ရတော့။ ဆရာ့ကို ဆိုတာကတော့ ဝေလာဝေး
ပေါ့။ အင်း ခုလောက်ရှိ ဆရာလည်း ပါသွားတန်ကောင်းပါပြီ။ ( ဖွဟဲ့ ........ လွဲပါစေ ဖယ်ပါစေ)
ကိုင်း.....ထိပ်ဆုံးကစကား ပြန်ဆက်ကြရအောင်။
ကျွန်တော်သည် အရာရှိဆိုတော့ တိုက်ပုံမရှိမဖြစ် ၀တ်ရသည်။ အရောင်စုံ ၀တ်ရသည်။ ရုံးတက်ဖို့၊ အစည်းအဝေးထိုင်ဖို့၊ ပွဲတက်ဖို့၊ ညစာစားပွဲ သွားဖို့၊ မင်္ဂလာဆောင်၊ အလှူသွားဖို့ စသဖြင့်။
သည်နေရာမှာ မင်္ဂလာဆောင်သွားဖို့ ဆိုတဲ့ ကိစ္စသည် အရေးပါလာ၏။ ဟုတ်ပါ့၊ တိုက်ပုံပါပဲ။ အစဉ်အလာလို ဖြစ်နေသည်မှာ အလှူမင်္ဂလာဆောင် သွားသည်ဆိုလျှင် တိုက်ပုံသည် အဖြူသာ ဖြစ်တတ်ပေသည်။
ကျွန်တော့်မှာ တိုက်ပုံဖြူတစ်ထည်ပဲ ရှိသည်။ ဒါလည်း မကြာခဏ ၀တ်စရာ မလိုလို့ အပို ချုပ်မထားခြင်းပင်။
ကိုင်း ဆရာကြီး၊ ရှေ့အပတ် မင်္ဂလာဆောင်က ရှင့်အထက်လူကြီးသမီး၊ လုပ်မှာက ဟိုတယ်ကြီးမှာ၊ ဒီတော့ တိုက်ပုံဖြူတစ်ထည်တော့ထပ်ချုပ်ဦးမှ
ငါ့တိုက်ပုံဖြူ ရှိသားပဲ
ပြောရ တယ်ခက်ပါလား၊ ရှင့်တိုက်ပုံက တိုက်ပုံ မဟုတ်တော့ဘူး၊ တိုက်ဆွေးဖြစ်နေပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်မ ဒီနေ့ ဈေးသွားမယ်။

တိုက်ပုံဖြူစ တစ်စ ၀ယ်မယ်၊ ဒါပဲ
နေဦးကွယ့်၊ အဖြူမ၀ယ်နဲ့၊ ညစ်လွယ် ပေလွယ်တယ်။ ပြီးတော့ နေရာတကာ ၀တ်လို့လည်း မရဘူး
ဒါဖြင့် နံ့သာလုပ်
ငါ့အသားနဲ့ မလိုက်ပါဘူးကွာ
နော့ဖြင့် အ၀ါနု
ပိုဆိုးတာပေါ့ဟ၊ ဒီလိုလုပ်ကွာ၊ အစည်းအဝေး သွားသွား၊ မသာပို့ပို့၊ မင်္ဂလာဆောင်ပဲဝတ်ဝတ်၊ သင့်တဲ့အရောင်ဝယ်
ဘာအရောင်လဲ
မီးခိုးရောင်နုနုလေး

ထိုစကားကို ရိုးရိုးပြောလိုက်သော်လည်း ဘာကြောင့်မှန်းမသိ၊ လှိုက်ခနဲ ဖြစ်သွားသည်။ ငယ်ဆရာကို သတိရသွားသည်။



(၃)

ဆူညံပေါက်ကွဲသံများ၊ ပြိုးပြိုးပြက်ပြက် အရောင်တွေကြားမှာ မွန်းကြပ်လှသည်။ ပိုဆိုးတာက တိုက်ပုံအသစ်ကြောင့် ချွေးတွေပြန်နေသည်။ ပိုးလုံချည်ကြောင့် အောက်ချွေးပြန်သည်။ အခါတော်ပေး ပွဲထုတ်ပြီးတာနှင့် ထပြန်မည် စိတ်ကူးသည်။ သို့သော် ဒါသည် မကောင်းတတ်ပေ၊ တစ်ယောက်တည်း
ထ ပြန်ဖို့ကလည်း လူကြားသူကြား ရှက်စရာ။ မူးနောက်နောက်ပင် ဖြစ်လာသည်။
ထိုအချိန်မှာပင် ကယ်တင်ရှင်တစ်ဦး ပေါ်လာသည်။
ဟာ ကိုဘရှင်၊ မတွေ့တာ ကြာပြီဗျာ၊ ခင်ဗျားရှိမှန်း မသိလို့ ဒီ့ပြင်ဝိုင်း သွားထိုင်နေရတယ်
အင်း၊ ၀မ်းသာတယ်ဗျာ၊ ဒါနဲ့ ခင်ဗျားက ပြန်တော့မလို့လား
ပြန်ဖို့တော့ မသင့်သေးဘူးပေါ့ဗျာ၊ ဒါပေမယ့် ရပ်ကွက်ထဲက အဘိုးကြီးတစ်ယောက် အသုဘရှိနေတော့ .................
ဟာ အတော်ပဲဗျို့ ကျုပ်လည်း ထ လစ်ချင်နေတာ၊ အဖော်ရပြီ

ခန်းမအပြင်ရောက်တော့-------------
ခင်ဗျား ဘယ်ပြန်မှာလဲ
မြောက်ဥက္ကလာ
အတော်ပဲ၊ ကျုပ် ရေဝေးသုသာန်သွားမှာ၊ လမ်းကြုံတယ်

သူ့ကား အကောင်းစားကြီးနှင့် ဟန်ကျလှသည်။ လေအေးစက်ဖွင့်ထားသဖြင့်လည်း ပေါ့ပါးလန်းဆန်းသွားသည်။ သည်လိုနှင့် မြောက်ဥက္ကလာ ရောက်လာသည်။
ဘယ်လမ်းလဲဗျ
နေဦး၊အပြန်မှ ဆင်းမယ်၊ မသာတစ်ခေါက် ကျောင်းဆယ်ခေါက်တဲ့။ ကြုံတုန်း အသုဘ ၀င်ပို့မယ်ဗျာ
ခင်ဗျား အသိမို့လို့လား
သိသိ မသိသိ၊ ကျုပ်ကတော့ အသုဘ ကားတန်းနဲ့ ကြုံရင် လိုက်ပို့တာ အကျင့်လို ဖြစ်နေပြီ
သာဓုဗျာ၊ သာဓု.....သာဓု




(၄)

ဟိုရောက်တော့ ကားကြီးကားငယ် အသွယ်သွယ်တို့ ပြန်ထွက်ကုန်ကြတာနဲ့ တိုးတော့၏။
ဟေ့လူ၊ မမီတော့ဘူးဗျ
ဟာ အဲဒီ အသုဘ မဟုတ်ပါဘူး၊ လာစမ်းပ

သူ့နောက် လိုက်သွားတော့ ပရိသတ် သုံးလေးဆယ်လောက်သာ ရှိသော ဆင်းရဲသား အသုဘ။ အလောင်းမှာလည်း ဇာအုပ်ဆောင်းကလေးမျှ မိုးမထား။ မျက်နှာမှာ မိတ်ကပ်ခြယ်မထား။ မျက်တွင်းဟောက်ပက်၊ ပါးစပ်အဟောင်းသား။ ငိုမယ့် ယိုမယ့်သူလည်း မရှိ။ အင်္ကျီနွမ်းလုံခြည်နွမ်းကလေး အပေါ်က လွှမ်းထား၏။ ဘယ့်နှယ် ဒီလို အသုဘကို ကျုပ်မိတ်ဆွေက ကားအကောင်းစားကြီးနှင့် သွားပို့ရသတဲ့။ သို့သော်သူက ပြောသည်။
အဲဒီ ဆရာကြီးက ကျောင်းဆရာဟောင်းကြီးဗျ။ မသေခင် ရက်ပိုင်းထိ ကျုပ်မြေးကို ကကြီးခခွေး သင်ပေးသွားသေးတာ၊ ဆင်းရဲရှာပါတယ်ဗျာ။ ကျုပ်ပေးတဲ့ လခလေးနဲ့ သူရို့ လင်မယား စားသောက်သွားရတာ။ အိမ်ငှားခလည်း ကျုပ်ပဲ ပေးတယ်လေ၊ သိပ်သဘောကောင်းတဲ့ဆရာကြီး။
သူ့စကားကြားရတော့ ကျွန်တော့်ဆရာကြီး ဦးစောစိန်ကို ချက်ချင်းပြေးပြီး သတိရမိသည်။ ထို့ကြောင့်ပင် အလောင်းထည့်ရန် ပြင်ဆင်ထားသော အပေါစား ခေါင်းတလားဆီ လှမ်းကြည့်မိသည်။
ဟာ..............

ဆရာကြီး ဦးစောစိန် ( အသက် ၇၉ ).......တဲ့။

ကျွန်တော် ဘယ်လို ဖြစ်သွားသည် မသိတော့။ရုတ်ခနဲ ထိုင်ချလိုက်ပြီး ဆရာကြီးကို ဦးငါးကြိမ် ချလိုက်ပါသည်။
ပထမအကြိမ်တွင် ကျွန်တော် မျက်ရည်လည်သည်။ဒုတိယအကြိမ်တွင် ကျွန်တော် ရှိုက်လိုက်မိသည်။
တတိယအကြိမ်တွင် မျက်ရည်တွေ ကျလာသည်။စတုတ္ထအကြိမ်တွင် ကျွန်တော် ငိုကြီးချက်မ ဖြစ်နေပြီ။
ပဉ္စမအကြိမ်တွင် ကျွန်တော် ဆရာ ဟု အော်လိုက်မိသည်။ကျွန်တော့်အပြုအမူကို ကျွန်တော့် မိတ်ဆွေကြီးရော၊ ငိုမည့်သူမရှိသော ပရိသတ်ကပါ မှင်သက်မိနေကြ၏။ တကယ်တော့ သည်မျှအထိ ကျွန်တော့်လို
အရာရှိတစ်ယောက် အဖြစ်သည်းဖို့ မသင့်ပေ။သူ့အဖေများလား မသိဘူး ဆိုသည့် အသ့သဲ့သဲ့ကို ကြားလိုက်သည်။အမှန်တော့ မဟုတ်ပါ။အဓိကမှာ တိုက်ပုံဖြစ်သည်။ သည်ကနေ့ကျမှ ကျွန်တော်သည် ဘာကြောင့် တိုက်ပုံ မီးခိုးနုနုရောင် ကို ၀တ်လာမိသနည်း။ ထိုအရောင်ကိုရောဘာကြောင့် ရွေးပြီး ချုပ်ခိုင်းခဲ့သနည်း။
တစ်ခါတစ်ရံတွင် လူတစ်ယောက်၏ အတွင်းစိတ်သည် ထူးဆန်းပေစွ။ခေါင်းတလားတွင်းသို့ ထည့်သွင်းရန် သူရို့ ပြင်ဆင်လိုက်ချိန်တွင် ကျွန်တော်သည် အသစ်စက်စက် မီးခိုးရောင်တိုက်ပုံနုနုကို ချွတ်လိုက်သည်။
ဆရာကြီး၏ ကိုယ်ပေါ် လွှမ်းပေးလိုက်သည်။

No comments: