Tuesday, November 25, 2008

နှစ်ဆယ့်သစ်ရာစု သားရွှေဥ

ပင်လယ်နှစ်စင်း

ပါလက်စတိုင်းဒေသတွင် ပင်လယ်နှစ်စင်း ရှိပါသည်။ တစ်ခုသော ပင်လယ်တွင် အေးမြကြည်လင်သော ရေအယဉ်ရှိ၏။ စိမ်းစိုလန်းဆန်းသော ကမ်းနဖူး ရှိ၏။ ငါးမျိုးစုံတို့ ရှင်သန်ကျက်စားရာ ဖြစ်သလို၊ ကမ်းစပ်သစ်ပင်အားလုံး၏ရေကြည်ပေးရာ အေးမြကန်သာ ဖြစ်ပါ၏။ လူတို့က ဤပင်လယ်ကို " နှစ်လိုဖွယ်ရာ ရှိသော ပင်လယ် " ( The Seaof Galilie) ဟုခေါ်ကြသည်။

တစ်ခုသော ပင်လယ်တွင်မူ ညိုညစ်သော ရေပြင်အတိ ပြီး၏။ ခြောက်သယောင်းသော ကမ်းပါးတို့ဖြင့် ၀န်းရံ၏။ လေပြည်မညင်း၊ ငါးတို့မပျော် သတ္တ၀ါအပေါင်းတို့ ရှောင်ကွင်းခြင်း ပြုကြ၏။ လူတို့က ဤပင်လယ်ကို "မရဏပင်လယ် " ( Dead Sea ) ဟု ခေါ်ကြသည်။

ဂျော်ဒန်မြစ်ရေသည် အဆိုပါ ပင်လယ်နှစ်ခုသို့ အညီအမျှ စီးဝင်ပါသည်။ သို့နှင့်တိုင် ပင်လယ်နှစ်ခုမှာ ခြားနားလွန်းလှ၏။ အသို့နည်း။ " နှစ်လိုဖွယ်ပင်လယ် " က မြစ်ရေကို လက်ခံသည်နှင့်အမျှ ပြန်ထုတ်ပေးသည်။ အ၀င်နှင့် အထွက် ညီမျှနေရာ ထာဝစဉ် စီးဆင်းနေပြီး ကြည်လင်နေခြင်း ဖြစ်ပါသည်။ " မရဏပင်လယ် " ကမူ မြစ်ရေကို လက်ခံရုံမျှသာ ရှိပြီး ပြန်လည်မဝေမျှ။ တွန့်တိုစွာ သိမ်းဆည်းထားသည်။ သို့ဖြင့် ရေသေတို့ သဘာဝအတိုင်း မှုံမှိုင်းအုံ့ဆိုင်းနေခြင်း ဖြစ်ပါသည်။

သင်ကိုယ်တိုင် ရွေးချယ်ရမည်ဆိုလျှင် မည်သို့သော ပင်လယ်ဖြစ်လိုပါသနည်း။
..........နှစ်လိုဖွယ်လော............မရဏလော...................။


" ဘရုစ်ဘာတန်" ရဲ့ အညတြ ( The Man Nobody knows ) စာအုပ်ထဲက ထုတ်နုတ်ထားတာပါ။ အပေးအယူမျှတသူနဲ့ အယူသာရှိပြီး မပေးချင်သူဆိုတဲ့ အကျင့်နှစ်ခုကို နှိုင်းယှဉ်ပြတာလို့ နားလည်ရပါတယ်။ " အတ္တ " ဟာ ချိုတယ်ဆိုတာတော့ လူတိုင်း အသိမို့ အကျယ်မချဲ့လိုတော့ပါဘူး။ ဒါပေမယ့် ချိုလွန်းရင်လည်း ခါးတတ်ပါတယ်။ "ပရ " ဟာ စပ်ပူစပ်လောင် ဖြစ်တတ်ပေမယ့် ခံစားတတ်ရင် အရသာရှိနိုင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က နွမ်းပါးသူတွေကို ကိုယ့်ရှိတာလေးထဲက နည်းနည်းခွဲပေးကြည့်ပါလား။ ဒါမှမဟုတ် နည်းနည်းလောက် အလုပ်ရှုပ်ခံပြီး သူများကို ကူညီကြည့်ပါလား။ ငရုတ်သီးစပ်စပ်လေးနဲ့ ထမင်းပူပူ လွေးလိုက်ရသလို ခံတွင်းတွေ့နိုင်စရာ ရှိပါတယ်။ " နိုင်သလောက်ကူညီ " ချင်တဲ့ အကျင့်ကောင်းလေးတစ်ခုမို့ စမ်းသပ်ကြည့်စေချင်ပါတယ်။


နှစ်ဆယ့်တစ်ရာစု သားရွှေဥ စာအုပ်မှ ကူးပါသည်။

( ကျော်ဝင်း )


No comments: