Friday, December 12, 2008

FOR DECEMBER 13

ကျနော်က thireenborn လေ။ ကျနော့်လိုပဲ မွေးရက်တူတဲ့ သူငယ် ချင်း တစ်ယောက်ရှိပါတယ်။
သူနဲ့ ကျနော်က မြန်မာရက်ရော အင်္ဂလိပ်ရက်ပါ thirteenborn တွေပါ။ ပြီးတော့ သူနဲ့ကျနော်က အိုသွေးအမျိုးအစားတွေလေ။
ကဲ......ဒီလိုထူးခြားတိုက်ဆိုင်တဲ့ သူငယ်ချင်းဟာ မနက်ဖြန်ဆိုရင် ၂၆ နှစ်ပြည့်တော့မယ်။ သူက သူ့ဘ၀မှာ ၁၃ ဂဏန်းဟာ
ထူးဆန်းတဲ့ ဖြစ်စဉ်တွေ ပေးတတ်ပါတယ်တဲ့။ ကောင်းခြင်း၊ ဆိုးခြင်း နှစ်ခုစလုံး ရောထွေးနေတဲ့ thirteenborn ပိုင်ရှင်လေးအတွက်
မွေးနေ့လက်ဆောင်အဖြစ် ဖခင်မေတ္တာကို ရေးဖွဲ့ထားတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို တင်ပေးလိုက်ပါတယ်။

ွှ့Thirteenborn သူငယ်ချင်းရေ................

အမြဲတမ်းတိုင်ပတ်တဲ့နေ့ရက်တွေ ကင်းဝေးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။








သီတာရေစင်

အဖေကို ဂျိုးဇက် ဟုခေါ်၍ သားအမည်မှာ မတ် ဖြစ်ပါသည်။ မတ် ၏လက်ဝဲဘက်မျက်လုံးဘေးတွင် ကွင်းစကွင်းပိတ်ပုံသဏ္ဌာန် အမာရွတတ်လေးနှစ်ခု ရှိသည်။ ထိုအမာရွတ်လေးကို မတ် (၂)နှစ်သားအရွယ်က ရခဲ့ခြင်းဖြစ်သည်။သေရာပါအမာရွတ်။ဘယ်တော့မှမေ့၍ရနိုင်မည်မဟုတ်သောအမာရွတ်။သည်အမာရွတ်လေးသည် အဖေဂျိုးဇက် နှင့် သားမတ်တို့ကြားရှိ ဆက်ဆံရေးပုံသဏ္ဌာန်ကို အပြောင်းလဲကြီး ပြောင်းလဲစေခဲ့လေသည်။
အဖေ ဂျိုးဇက်၏ အကြောင်းကို ဦးစွာပြောပြရပေမည်။ အဖေဂျိုးဇက်သည် “ ပခုံးနှင့်လက်ပြင် ကြောခြင်က သံချောင်း“ဟုပြောရလောက်အောင်ကြံ့ခိုင်မာကျောသူတစ်ယောက်ဖြစ်၏။သို့သော်သူ့နှလုံးသားကားကျောက်ဆောင်ကျောက်သားများပမာ ခက်ထန်မာကျောလှသူတော့မဟုတ်ပါ။သို့သော်လူထူးလူဆန်းတစ်ယောက်ဟူ၍ကားပြောရပေလိမ့်မည်။ထို့ကြောင့်လည်းအဖေဂျိုးဇက်နှင့်သားမတ်တို့အကြားတွင် အပြောရခက်သော အဆင်မပြောမှုတစ်ခုသည် အမြဲလိုလို ရှိနေတတ်လေသည်။တနင်္ဂနွေလို နေ့လည် ခင်းများတွင် အိမ်နီးချင်းကလေးများသည် ဖခင်ရင်ခွင်တွင် ဆော့ကစား၍ ၀ါစာပီယချိမြမြတို့ကို ပြောနေကြသော်လည်း သားလေးမတ်မှာမူကား ထိုအခွင့်အရေးမျိုးကို တစ်ခါတစ်ရံမျှပင် မရဘူးခဲ့။ အဖေသည် မတ်အား နောက်ပြောင်ကျီစယ်ခြင်းကိုပင် မပြုခဲ့။ အဖေသည် မတ်အား အခြားသောဖခင်များကဲ့သို့ လယ်ထွန်နည်းကစားရန် ကိရိယာလေးများ၊ စွပ်ဖားလေးများ၊ နွားလှည်းလေးများ ဘယ်သောအခါမျှ ပြုလုပ်မပေးခဲ့။ ကုန်ကုန်ပြောရလျှင် အဖေဂျိုးဇက်၏စိတ်အာရုံသည် လယ်ယာတော၌သာ မြှုပ်နှံထားဟန် ရှိလေသည်။ လယ်ယာသည်သာ အမိ၊ လယ်ယာသည်သာ အဖ၊ လယ်ယာသည်သာ ဇနီး၊ လယ်ယာသည်သာ သား ဖြစ်နေလေတော့သည်။
တစ်နေ့တွင် မတ်သည် အာလူးပင်များကြား၌သစ်စေ့များကိုစိုက်ပျိုးလျက်ရှိလေသည်။အဖေကတွေ့ရှိသွား၏.
ဘာစေ့တွေလဲကွ
မတ်သည် အခြားလူတစ်ယောက်၏ အမေးဆိုပါက လှည့်ပတ်ဖြေနိုင်စွမ်း ရှိပါသည်။ အဖေ၏ အမေးကိုကား ဘယ်သောအခါမှ လိမ်ညာဖြေနိုင်စွမ်း မရှိခဲ့။ မတ်၏ မလုံသောအိုးတို့သည် တုတ်နှင့်မိုးရုံနှင့် အာလာရစမြဲပင်။
လိမ္မော်စေ့တွေပါ အဖေ
မတ်သည် ဤမျိုးစေ့များကို ခရစ်စမတ် မတိုင်မီကပင် စုဆောင်းထားခဲ့ခြင်း ဖြစ်လေသည်။ မတ်တို့၏ ဇာတိမြေတွင်လိမ္မော်မျိုးစေ့များ ရှင်သန်ပေါက်ရောက်ရန် ခဲယဉ်းလေသည်။ ထို့ကြောင့်လည်း မတ်တစ်ယောက် ကြိုးစားပမ်းစားနှင့် စိုက်ပျိုးနေခြင်းဖြစ်သည်။
လိမ္မော်စေ့တွေ စိုက်လို့ကတော့ ဘာပင်မှ ပေါက်မှာ မဟုတ်ဘူးကွ။ ဒါလေးတောင် မသိဘူးလား။
အဖေ့စကားကြောင့် မတ်ရင်ထဲတွင် ခိုးလိုးခုလု ဖြစ်သွားရသည်။ ထူးထူးဆန်းဆန်းတစ်ခုကို ခိုးကြောင်ခိုးဝှက်လုပ်မိတိုင်း အဖေမိတာ အတော့်ကို ဆိုးသည်။
ထိုနေ့က မတ်သည် လိမ္မော်စေ့များကို ပြန်တူးယူပြီး စပါးကျီနောက်မှာ တိုးတိုးတိတ်တိတ် မြှုပ်ထားလိုက်သည်။

မိုးဖွဲဖွဲလေးများ ရွာနေသော နွေဦးရာသီ၏ နေ့တစ်နေ့တွင် မတ်သည် မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိခဲ့လေသည်။ ထိုနေ့ကအတန်ငယ်အေးသည်။ တိရစ္ဆာန်များသည် စွန့်ပစ်ထားသော ရုပ်တုများကဲ့သို့ စားကျက်ထဲတွင် စုရုံးအုပ်ဖွဲ့ကာ ငြိမ်သက်နေကြလေသည်။ သည်လို မိုးအေးအေးနှင့် ညမျိုးတွင် တိရစ္ဆာန်များသည် အိမ်ပြန်လေ့မရှိကြ။
ထိုနေ့က ကျောင်းပိတ်ရက်လည်းဖြစ်သည်။ မတ်သည် အတော်လေး စိတ်လှုပ်ရှားနေသည်။ အမေသည် တစ်ချိန်လုံးလုံးလိုလိုပင် ပန်းကန်များကို ဆေးကြောလျက် ရှိသည်။ မတ်သည် နောင်စာသင်နှစ်တွင် သင်ကြားရမည့် အင်္ဂလန်ပြည်၏ ဘုရင်နှင့် ဘုရင်မများအကြောင်းကို အမေ့အား ပြောပြနေလေသည်။ ပြောနေရင်းမှာပင် ဒီကနေ့မတ်သည် မနေ့က မတ်ထက် ခေါင်းတစ်လုံး ပိုမြင့်လာ
သလို ခံစားမိလေသည်။
အဖေကား နွားနို့ညှစ်ရန် နွားမများကို စောင့်နေလေသည်။ မတ်သည် အဖေ့အသံကို ရုတ်တရက် ကြားလိုက်ရသည်။
ဟေ့ ..........မတ်၊ ဒီအချိန်ဟာ နွားတွေကို သွင်းတဲ့ အချိန် မဟုတ်ဘူးလားကွ။
မတ်သည် “နွားတွေ” ဟု ရေရွတ်ရင်း တီကောင်ကို ဆားနှင့် တို့ခံရသလို ရှုံ့မဲ့တွန့်ဆုတ်သွားလေသည်။
နွားတွေက ပြန်လာမှာ မဟုတ်ဘူးလားအဖေ။ ပြန်လာမှာပေါ့.........နော်။ မနေ့ကလည်း သူတို့ဖာသာ ပြန်လာကြတယ်နော်။
သူ့အနားတွင် အဖေရှိနေလျှင် မတ်သည် စကားကို လေးလုံးကွဲအောင် ဘယ်တော့မှ ပြော၍မရပေ။ သူ့ပုံစံသည် ရှိုးတိုးရှန့်တန့်နှင့် အရှက်လွန်သော မိန်းကလေးတစ်ယောက်လို ဖြစ်နေတော့၏။
ဒီပုံစံအတိုင်းဆို ပြန်လာမှာ မဟုတ်ဘူး မတ်၊ သူတို့ဟာ မိုးလွတ်မယ့် တစ်နေရာရာမှာ ၀င်ခိုနေကြလိမ့်မယ်။
အဖေ့ဆန္ဒကို မတ် နားလည်ပါသည်။ သို့နှင့် မတ်သည် စားကျက်ရှိရာသို့ ထွက်လာခဲ့တော့သည်။ အဖေ့မျက်ကွယ်ရောက်သည်နှင့် မတ်သည် ခြေကို မလှမ်းချင် လှမ်းရင်း အတန်ကြာမှ စားကျက်သို့ ရောက်လေတော့သည်။ စားကျက်အ၀င်သို့ ရောက်သည်နှင့်ပင် မတ်သည် နွားများကို အော်ခေါ်လေတော့၏။
နွားတွေ လာကြ............လာကြ
သို့သော် နွားခလောက်သံ တစ်ချက်ကိုမျှ သူမကြားရပေ။ နွားများကို သဲသဲကွဲကွဲ မြင်နိုင်ရန် စားကျက်ဆင်းလမ်းအတိုင်းမတ် လျှောက်ခဲ့ပြန်သည်။ သို့သော် နွားတစ်ကောင်တစ်မြီးကိုမျှ သူမတွေ့ခဲ့ရ။ ပက်ဒရို ဟူသော မြင်းကိုသာတွေ့ရလေသည်။ပက်ဒရို သည် မိုးဖွဲဖွဲအောက်တွင် မှုန်ကုပ်ကုပ်နှင့် ရပ်နေလေသည်။ မတ်သည် မှုန်ရီမှုန်ဝါးမို့ ပက်ဒရို သဲကွဲစွာ မမြင်ရပေ။
မတ်သည် ပက်ဒရို၏ အနားသို့ချဥ်းကပ်သွားလေသည်။ ပြီးနောက် စုပ်သပ်ချော့မော့ခြင်းပင် မပြုဘဲ ပက်ဒရို ၏ တင်ပါးကိုလက်ဝါးဖြင့် ဖြန်းခနဲ ရိုက်လိုက်လေသည်။ မြင်းသည် သူ့အသားကို အထိမခံချင်သည့်ပုံစံနှင့် အတော်လှမ်းလှမ်းသို့ သွားနေလေသည်။ဤလို ချမ်းစိမ့်စိမ့် ညမျိုးတွင် အသားကို တစ်စုံတစ်ယောက်က လာထိပါက တုန်ခါသွားတတ်သည်။ ပက်ဒရိုလည်း တုန်ခါသွားပုံရသည်။
ပက်ဒရိုသည် တစ်ကိုယ်တည်း နေချင်ပုံရသည်။ ဤသည်ကို မတ်က သိပုံမရ။ မတ်က တိုးသွားလိုက် ပက်ဒရို က ရွေ့သွားလိုက် ဖြစ်နေသည်။ နောက်ဆုံးတွင် မတ်သည် ပက်ဒရို၏ တင်ပါးကို ဇွတ်အတင်း ပုတ်လိုက်ပြန်သည်။ ပက်ဒရို၏ နားရွက်နှစ်ဖက်သည် ဆတ်ခနဲ တုန်သွားသည်။
မတ်သည် ပက်ဒရို၏ တင်ပါးမည်းမည်းကြီးကို ဖျတ်ခနဲ မြင်လိုက်ရသည်။ မြင်းခွာနှစ်ဖက်သည် မတ်၏ လက်ဝဲဘက် မျက်လုံးတစ်ဝိုက်သို့ အရှိန်ပြင်းစွာ ကျလာလေတော့၏။ တော်သေးသည်။ ပက်ဒရိုတွင် သံခွာတပ်မထားပါ။ သံခွာသာ တပ်ဆင်ထားလျှင်မတ်သည် ထိုနေရာတွင်ပင် ပွဲချင်းပြီး လောက်ပေသည်။
ပက်ဒရို၏ ကန်ချက်ကြောင့် မတ်သည် မူးမေ့သွား၏။ တစ်မိနစ်အတွင်းမှာပင် သတိပြန်လည်လာသည်။ မျက်နှာကို လက်ဖြင့်စမ်းကြည့်သည်။သွေးတွေ။မတ်သည်အော်ဟစ်ငိုယိုကာ အိမ်သို့ အမြန်ပြေးလာခဲ့တော့သည်။ ခလုတ်ကန်သင်းများကို ကျော်လွှား၍မြန်နိုင်သမျှမြန်အောင် သုတ်ချေတင်သည်။ မည်သည့်နေရာတွင်မှ ရပ်နားခြင်းမရှိ။ မတ်သည် အလွန်ထိတ်လန့်နေလေသည်။
အဖေဂျိုးဇက်သည် မတ်ကို မမြင်ရမီကပင် မတ်၏ငိုသံကို အရင်ကြားရသည်။ စပါးကျီအောက်တွင် ထူထပ်စွာ ပေါက်နေသောချုံပင်များကြားမှ တစ်ဟုန်ထိုး ပြေးလာသောသားကို မြင်ရ၏။ သားသည် မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားလေသည်။
ဂျိုးဇက်သည် အိမ်ထဲမှ ပြေးထွက်လိုက်သည်။ ဂိတ်ပေါက်ဝသို့ မရောက်မီမှာပင် မတ်၏မျက်နှာပြင်မှ သွေးတို့ကို ဂျိုးဇက်မြင်သွားလေပြီ။ တံခါးမင်းတုပ်ကိုပင် ဖြုတ်မနေတော့။ ခြံကို လွှားခနဲ ခုန်ကျော်လိုက်သည်။ မတ်သည် ဖခင်ကို မြင်နေရသည်။ နာကျင်မှုများကြားမှပင် အံ့သြစိတ်သည် ဖျတ်ခနဲ ၀င်၏။ သူ၏ တစ်သက်တာတွင် ဖခင်၏ ဤမျှသွက်လက်သော လှုပ်ရှားမှုမျိုးကို သူတစ်ရံတစ်ခါမျှ မမြင်ဖူးခဲ့။
ဂျိုးဇက်သည် မတ်ကို ပွေ့ချီကာ အိမ်ဘက်သို့ ပြန်ပြေးခဲ့ပြန်သည်။မကြာမီအချိန်အတွင်းမှာပင် မတ်တို့၏ အိမ်ကလေးသည်သတင်းလာမေးသူ အိမ်နီးချင်းတို့၏ အသံနှင့် ဆူညံနေလေတော့သည်။ လူတိုင်းက သူ့အား ဂရုစိုက်သည့်အတွက် မတ်သည် နာကျင်မှုကို မေ့နေသည်။ အသက်ရှူရန်ကိုပင် သတိမရ။ သူ့စိတ်အစဉ်သည် ဂုဏ်ယူမှုတွင် နစ်မျောနေလေ၏။
မတ်က မှန်ကြည့်ချင်သည်ဟု အဖေ့ကို ပူဆာသည်။
မကြည့်စေနဲ့၊ မကြည့်စေနဲ့ ဂျိုးဇက်၊ မတ်ကို မှန်မကြည့်စေနဲ့
အမေက လှမ်းတားသည်။ အဖေက ဂရုမစိုက်။ မတ်ကို ပွေ့ချီ၍ မတ်၏ ဆန္ဒကို လိုက်လျောသည်။ မတ်၏ မျက်နှာပြင်တွင်ညိုမည်းသော ဒဏ်ရာများဖြင့် ပြည့်နှက်နေလေသည်။
မတ်သည် အားလုံးကိုတော့ မမှတ်မိနိုင်ပါ။ သို့သော် သူ့အဖေသည် ခါတိုင်းနှင့်မတူ၊ တစ်မူထူးနေသည်ကိုတော့ သူကောင်းကောင်း သိပါသည်။ အဖေ ဘာတွေလုပ်သည်၊ ဘာတွေ ဆက်ပြောသည် ဆိုသည် ကိုတော့ မတ် လုံးစေ့ပတ်စေ့ မမှတ်မိနိုင်ပါ။
အဖေသည် ထမင်းစားပွဲနှင့် အခြားစားပွဲများကို တစ်ခုနှင့်တစ်ခု ဆက်စပ်လိုက်သည်။ ဆရာဝန်ရောက်လာချိန်တွင် မတ်သည်ထိုစားပွဲများအပေါ်တွင် လဲလျောင်းလျက် ရှိနေလေသည်။ ဆရာဝန်သည် မတ်၏ ဒဏ်ရာများကို သေသပ်စွာ ချုပ်လုပ်ပေးခဲ့သည်။
ဆရာဝန်က ကလိုရိုဖောင်းဖြင့် မေ့ဆေးပေးသောအခါ အဖေသည် တုန်လှုပ်ခြင်းကင်းစွာဖြင့် ဆေးပုလင်းကို ကိုင်ထားခဲ့ကြောင်းကိုမူကာား မတ်မှတ်မိနေလေသည်။ အဖေသည် နေ့ဘက်တွင် တစ်ကြိမ်၊ ည အိပ်ရာမ၀င်မီ တစ်ကြိမ် မတ်ကို လာရောက်ပြုစုပေးလေ့ရှိသည်။ မတ်၏ မျက်နှာတစ်ခုလုံးကား ရောင်ကိုင်းနေလေ၏။ မျက်သားများမှာလည်း ၀င်လုဆဲ နေမင်းပမာ နီရဲနေလေတော့သည်။
အဖေ့ခြေသံကို ကြားရသည့် အခါတိုင်းသည် မတ်မှန်ကြည့်နေချိန်နှင့် တိုက်ဆိုင်နေလေ့ ရှိသည်။ ထိုအခါတိုင်းတွင် မတ်က မှန်ကို အိပ်ရာအောက်သို့ မြန်မြန်ထိုးထည့်ရသည်။
အဖေနှင့် မတ်တို့ ပြောသော စကားများသည်လည်း အမြဲလိုပင် ကပေါက်တိ ကပေါက်ချာ ဖြစ်လျက် ရှိသည်။ အဖေသည်မည်သည့်အခါမျှ ထိုင်၍ စကားပြောလေ့မရှိ။ မိုးတိုးမတ်တတ် ရပ်ကြည့်ကာ ပြေချင်ရာပြော၍ ထွက်သွားတတ်သည်သာ များသည်။
ဆရာဝန်က မတ်အား အပြင်ထွက်ခွင့်ပေးလိုက်သော နံနက်ခင်းတွင် ဖြစ်၏။ မတ်က အပြင်သို့ လမ်းလျှောက်၍ ထွက်ချင်သည်။ သို့သော် အဖေက ဘာမပြော၊ ညာမပြော ပွေ့ချီလိုက်သည်။ မတ်ကလည်း ငြင်းဆိုခြင်းမပြုပါ။ မတ်သည် ဒဏ်ရာရစဉ်ကာလကလို တုန်လှုပ်ချောက်ချားခြင်း မရှိတော့။ သူ့ကို ပွေ့ချီထားသော အဖေ၏ လက်များသည် တုန်ယင်နေလေသည်။ မနိုင့်တနိုင့် ချီပိုးထားရခြင်းကို အထိအတွေ့များအရ မတ်သိပါသည်။
ဤနံနက်ခင်းကား မတ်တွေ့ဖူးသမျှ နွေဦးရာသီ နံနက်ခင်းများတွင် အလတ်ဆတ်ဆုံး၊ အလှပဆုံး၊ အတောက်ပဆုံး နံနက်ခင်းတစ်ခု ဖြစ်သည်ဟု မတ်ခံစားနေမိလေသည်။ အဖေနှင့် မတ်သည် အိမ်မှ ထွက်လာခဲ့ကြပြီ။ ဤသို့ ထွက်လာခဲ့ခြင်းသည် အဓိပါယ်မဲ့ အပျော်ခရီးထွက်ခြင်းမျိုးမဟုတ်ဟု မတ် အလိုလို သိနေလေသည်။ အဖေသည် မတ် ကို သူကြိုတင်စိတ်ကူးထားသောနေရာတစ်ခုဆီသို့ ခေါ်ဆောင်သွားနေမှန်းကိုလည်း မတ် သိနေပါသည်။
အဖေသည် မတ် ကို ချီပိုးကာ အိမ်ခြံဝင်းကို ဖြတ်၍ ကုန်းစောင်းလေးအတိုင်း ဆင်းလာခဲ့လေ
သည်။ ရှေ့ဆီတွင် တစ်ချိန်က မတ် လိမ္မော်စေ့များကို တူးဆွစိုက်ပျိုးခဲ့သော နေရာလေး ရှိနေလေ
သည်။ အဖေ့ဦးတည်ရာကို မတ် အတိအကျ ခန့်မှန်းနိုင်လေပြီ။
အဖေနှင့်သားတို့သည် ယခုထိ စကားတစ်ခွန်းမျှ မဆိုမိကြပေ။ မတ်လည်း နှုတ်ဆိတ်မြဲ နှုတ်
ဆိတ်နေမိသည်။ စကားပြောရန် ကြိုးစားလျှင် မတ် ငိုမိပေမည်။
အဖေသည် မတ် ကို စိုက်ခင်းငယ်လေးဘေးတွင် အသာအယာချထားလိုက်၏။ စိုက်ခင်းလေး
ကား သေသေသပ်သပ် လှလှပပပင် ဖြစ်၏။ ဖြစ်ကတတ်ဆန်း ဖန်တီးထားခြင်းမျိုးမဟုတ်။ ပေါက်တူး၊
ဂေါ်ပြားတို့ကို အသုံးပြု၍ ကျကျနန ဖန်တီးထားသော စိုက်ခင်းလေး။
မတ် အိပ်ယာပေါ်တွင် လဲလျောင်းနေသော ကာလများတွင် အဖေသည် ဤစိုက်ခင်းလေးကို ဖန်တီးခဲ့ခြင်း ဖြစ်ပေမည်။ ယခုတော့ သစ်စေ့လေးများသည် မြေသားပေါ်တွင် အမြစ်တွယ် အညှေက်
ထွက်နေလေပြီ။
အဖေသည် ဤကိစ္စကို မတ် အား အရိပ်အယောင်မျှပင် ပြောမပြခဲ့ပါ။
ဒါဟာ သားအတွက်ပဲ သာ
အဖေက စကားစပြောလာပါသည်။
အို အဖေရယ်
မတ် နှုတ်မှ ရေရွတ်လိုက်မိသည်။
သားတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး
မတ်သည် အံ့အားသင့်စွာ ပျော်ရွှင်နေလေသည်။
ဘာပင်လေးတွေလဲ အဖေရဲ့
မတ်သည် အညွန့်ထွက်စ အပင်လေးတစ်ပင်ကို ထိရန် ကိုယ်ကို ကိုင်းညွတ်လိုက်သည်။ အရွက်လေး
များကို လက်နှင့်ထိကာ မေးလိုက်ခြင်းဖြစ်သည်။
သားထိလိုက်တဲ့အပင်က ဖရဲပင်လေးပေါ့သားရွဲှ့
အဖေက အခြားအပင်လေးများကိုပါ လက်ဖြင့်ညွှန်ပြ၍ ပြောလိုက်ပြန်သည်။
ဟိုဘက်မှာကတော့ ငရုတ်ကောင်းအနီပင်တွေ၊ ပြီးတော့ ရှောက်ပင်တွေ သားရဲ့
အားလုံးသည် မတ် စိုက်ပျိုးခဲ့သော လိမ္မော်မျိုးစေ့များကဲ့သို့ပင် ရှားပါးမျိုးစေ့များ ဖြစ်ကြသည်။
တကယ်တော့ သားမသိလို့ပါ၊ အဖေတို့မြေမှာက ဒီလိုမျိုးစေ့မျိုးသာ အပင်ပေါက်နိုင်တာကွဲ့
အဖေက ဆက်ပြောနေလေသည်။ မတ်သည် စကားပင် မပြောနိုင်တော့။ သူသည် အဖေ့ကို ကျောပေး
ထားသော်လည်း သူ့မျက်နှာသည် အံ့သြမှုဖြင့် ကြည်လင်နေမည်ဖြစ်ကြောင်းကို အဖေ မုချသိပေလိမ့်
မည်။ ထို့ကြောင့်လည်း အဖေသည် စကားကို ဆက်ပြောနေခြင်းဖြစ်မည်။
ဟိုနေ့က....သားကို ဒဏ်ရာနိုင်တယ်ဆိုတာ သိရဲ့သားနဲ့ နွားတွေနောက်ကို အလိုက်ခိုင်းတယ်
လို့တော့ သားမထင်ပါဘူးနော်
အဖေက စိတ်မကောင်းသောလေသံဖြင့် ဆက်ပြောနေပြန်သည်။
နောက်များတော့ သားကို အဖေ မလွှတ်တော့ပါဘူးကွာ၊ ဒီနွားမကောင်တွေ စားကျက်ထဲမှာ
ကြိုက်သလိုနေပါစေ၊ နွားနို့မရရင်လည်း နေစမ်းပါစေ၊ အဖေ ဂရုမစိုက်တော့ပါဘူးကွာ
အဖေ၏ စကားသံအဆုံးမှာ မတ်သည် အဆက်အစပ်မရှိသော စကားတစ်ခွန်းကို ဖျတ်ခနဲ ပြန်ပြောလိုက်မိသည်။ ၄င်းသည် သူနှင့် အဖေ့ကြားတွင် ရှိနေသော ကွာဟမှုတစ်စုံတစ်ရာကို ဆက်စပ်လိုက်သလို ဖြစ်သွားရ၏။
သားဒဏ်ရာရတော့ အဖေဟာ ခြံတန်းကို လွှားခနဲ ခုန်လိုက်တယ်နော်အဖေ၊ တံခါးမင်းတုပ်
ကိုတောင် မဖြုတ်နိုင်ခဲ့ဘူး၊ ဒီလောက် ခြံအမြင့်ကြီးကို အဖေဟာ လွယ်လွယ်လေးနဲ့ ခုန်နိုင်တယ်
နော်။
အဖေသည် ဘာစကားမှမဆိုနိုင်။ အဝေးဆီသို့သာ ငေးရီနေလေတော့၏။ အဖေ့ပခုံးသားများလှုပ်သွားသည်ကို ကြည့်၍ သက်ပြင်းရှည်တစ်ခုကို အဖေမှုတ်ထုတ်လိုက်မှန်း မတ် သိလိုက်ရပါသည်။
အဖေနှင့်သားတို့သည် အိမ်သို့ ပြန်ခဲ့သည်။ အိမ်အရောက်တွင် မီးဖိုချောင်ထဲသို့ တန်းဝင်၏။
မတ်၏အစ်မဖြစ်သူက မတ်ကို လှမ်းမေးလိုက်၏။
မတ် နင်တို့ဘယ်သွားနေတာလဲ
မတ်က အကျိုးအကြောင်းကို ပြောရန် နှုတ်ဆွံ့နေမိသည်။ သူနှင့်အဖေကြားတွင် ရရှိခဲ့သော
နားလည်မှုကို လျှို့ဝှက်ထားသင့်သည်ဟု မတ် ဆုံးဖြတ်လိုက်သည်။
ဟိုနားဒီနားပါ မမရာ
မတ်က ပြောလိုက်သည်။
ဟုတ်ပါတယ်၊ ဟိုနားဒီနားပေါ့
အဖေက ထောက်ခံလိုက်သည်။
နောင်အခါတွင် အဖေ၏ ခြေသံကိုကြားတိုင်း မတ် ရှောင်တိမ်းနေရန် မလိုတော့ပါတည်း။ ။


မူရင်း------Ernest Buckler ၏ A Son’s Discovery
1969, December, Reader’s Digest

ကျနော်ဘာသာပြန်ထားတာမဟုတ်ပါ။ စာအုပ်တစ်အုပ်မှ ကူးယူထားတာပါ။

No comments: