Wednesday, December 10, 2008

ဖတ်ဖူးတဲ့စာလေးတစ်ပုဒ်

အီးကော်လာ
(မင်းလူ)


သူ့လက်မှာ ပတ်ထားသော ဇီဝမှတ်တမ်း ကိရိယာလေးက တစ်ညတာအတွင်းမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သော အချိန်တွေကို စုပြီးမှတ်ထားသည်။ အိပ်ရေးဝလောက်ပြီ ဆိုသောအခါ အာရုံကြောမှတစ်ဆင့် ဦးနှောက်ဆီသို့ လျှပ်စစ်လှိုင်းများ လွှတ်ပြီး လှုံ့ဆော်လိုက်သည်။ ထိုအခါ သူ အိပ်ရာမှနိုးလာ၏။
ဇီဝမှတ်တမ်း ကိရိယာလေးကို ကြည့်လိုက်သည်။ သွေးဖိအား နှလုံးခုန်နှုန်းကို ပြနေသည်။ ပုံမှန်ပဲ။ ဆက်လက်ပြီး အသက်ရှုနှုန်း၊ အောက်ဆီ ဂျင်ရရှိမှု၊ သွေးထဲရှိ ကောလက်စထရော အခြေအနေ စသော အချက်အလက်များ ပေါ်လာသည်။ သူက ဒါတွေ ဂရုစိုက် မကြည့်တော့ဘဲ ရီမုကွန်ထရိုးဖန်ရှင်ကို ပြောင်း လိုက်သည်။ စားသောက်ခန်းရှိ ကွန်ပျူတာကို ဆက်သွယ်ပြီး စားသောက်စရာများ အဆင်သင့် ပြင်ထားရန် ခလုတ်နှိပ် မှာကြားလိုက်သည်။
ကော်ဖီ---- ၅း၃း၂
ပေါင်မုန့်မီးကင်---အဆင့်-၂
ကြက်ဥကြော်---ကျက်နှုန်း--၇၅%
ထို့နောက် သူသည် သန့်စင်ခန်းထဲ ၀င်သည်။ သွားတိုက်ကိရိယာကို ပါးစပ်ထဲ ထည့်ပြီး ခလုတ်ဖွင့် လိုက်သည်။ နူးညံ့သည့် အမွေးအမျှင် က လေးများက သွားတွေကို ပွတ်တိုက်သည်။ လုံးဝ သန့်စင်သွားသော အချိန်တွင် အလိုအလျောက် ရပ်သွားသည်။
မှန်ထဲမှာ သူ့ရုပ်သွင်ကို ကြည့်လိုက်သည်။ မှုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး စိမ်းစိမ်းက သူ့အကြိုက် အနေ တော်ပဲ။ ဆံပင်ကတော့ ရှည်နေပြီ။ ထို့ကြောင့် ဆံပင်ညှပ်အုပ်ဆောင်းကို ခေါင်းမှာ စွပ်လိုက်သည်။ တိုတိုပါးပါး ညှပ်မည်ဟု စိတ်ကူးပြီး ပုံစံနံပါတ်ကို နှိပ်လိုက်သည်။ ဆံပင်ပေါ်မှာ ပိုးကောင်တွေ တရွရွ သွားနေသလိုမျိုး ခံစားရသည်။ တကယ်တော့ ဆံပင်ကို ညှပ်ပစ်ခြင်း မဟုတ်ဘဲ လေဆာရောင်ခြည်ဖြင့် တိပစ်ခြင်းသာ ဖြစ်၏။ ထို့ကြောင့်ဆံပင်မွေး အစအနတွေ ထွက်ပေါ်လာခြင်း မရှိ။ ဆံပင်ညှပ်ပြီး ခေါင်းလျှော်စရာလည်းမလို။
ဆံပင်ညှပ်လို့ ပြီးစီးကြောင်း အချက်ပေးသံ ပေါ်လာသဖြင့် အုပ်ဆောင်းကို ဖြုတ်လိုက်သည်။ မှန်ထဲမှာ ကြည့်သည်။ သူ့ပုံစံမှာ သပ်သပ်ရပ်ရပ်ဖြစ်ပြီး နုပျိုသွားသည်ဟု ထင်ရ၏။
စားသောက်ခန်းထဲ ၀င်လာသည်။ စားပွဲမှာထိုင်ပြီး အဝေးထိန်းခလုတ်ကို နှိပ်သည်။ မိုက်ကရိုဝေ့ဗ် မီးဖိုခန်းတံခါး ဖွင့်ပြီး စားစရာတွေ တင်ထားသော တွန်းလှည်းကလေး ထွက်လာသည်။ စားပွဲနားအရောက်မှာ ရပ်သွားသည်။ စားစရာတွေ တင်ထားးသော လင်ပန်းကိုယူပြီး တွန်းလှည်းပေါ်က အိုကေ ခလုတ်ကို နှိပ်လိုက်သည်။ တွန်းလှည်းသည် သူ့နေရာသို့ ပြန်ထွက်ခွာသွားသည်။
ထိုအချိန်တွင် ဇီဝလက်ပတ်က တီတီ ဆိုပြီး အချက်ပေးပြန်သည်။ ထုံးစံအတိုင်း ယခုစားမည့် အစားအစာများ၏ အာဟာရတန်ဖိုးတွေကို တွက်ပြနေခြင်း ဖြစ်၏။ ကယ်လိုရီတွေ၊ သတ္တုဓာတ်တွေ၊ ဗိုက်တာမင်တွေ၊ ကော်လက်စထရော ပါဝင်မှုတွေ အမှန်တကယ် လိုအပ်ချက်ထက်ပိုနေသော
ဓာတ်တွေ၊ လိုနေသော ဓာတ်တွေကို ဖော်ပြသည်။ ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက် သောက်သင့်ကြောင်းကိုလည်း အကြံပေးထားသေးသည်။
သူကတော့ လိုက်နာလေ့မရှိ။ တခါတလေ ဘာစားရကောင်းမယ် စဉ်းစားလို့မရသဖြင့် ကွန်ပျူတာကို အကြံဥာဏ်တောင်းကြည့်ဖူးသည်။ ထိုအခါ ပေါင်မုန့်ညို၊ လိမ္မော်ခွံယို၊ ကြက်သွန်စွပ်ပြုတ်နှင့် ပဲနို့ရည် ဆိုတာမျိုး သူ ဘယ်လိုမှ မစားနိုင်သော အတွဲအစပ်မျိုး ထွက်ချင်ထွက်လာတတ်သည်။
စားသောက်ပြီးတော့ အအေးခန်းတံခါးမှာ တပ်ထားသော ဖန်သားပြင်ရှေ့ သွားရပ်ပြီး ခလုတ် ဖွင့်လိုက်သည်။ အအေးခန်းထဲမှာ သိုလှောင်ထားသော အစားအသောက်များစာရင်း ပေါ်လာသည်။ အရေအတွက်နှင့်တကွ အပြည့်အစုံ ဖော်ပြထားသည်။ လက်ကျန်နည်းနေသော ပစ္စည်းများကို မှိတ်တုတ်၊ မှိတ်တုတ် လုပ်ပြီး သတိပေးထားသည်။ ထိုပစ္စည်းမျာ၏ ကုတ်နံပါတ်များအတိုင်း စက်ထဲ ရိုက်ထည့်ပြီး ထောက်ပံ့ရေးဌာနသို့ အကြောင်း ကြားလိုက်၏။ ထိုမှာကြားချက်သည် ထောက်ပံ့ရေးဌာန၏ ကွန်ပျူတာသို့ အလိုအလျောက် ရောက်သွားလိမ့်မည်။
မီးဖိုခန်းထဲက ထွက်လာပြီးနောက် နားနေခန်းသို့ သွားသည်။ နားနေခန်၏ နံရံမှာ ချိတ်ထားသော မှတ်တမ်းတင်ကိရိယာက အိမ်အတွင်းရှိ အပူချိန်၊ စိုထိုင်းဆ၊ ပိုးမွှားကင်းစင်မှု စသည်တို့ကို ပြနေသည်။ လေသန့်စင်မှုကတော့ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ကျနေသည်။
ဟုတ်တာပေါ့။ သူက စီးကရက်တစ်လိပ် မီးညှိပြီး သောက်နေတာကိုး။ စီးကရက်သုံးလိပ်လောက်သာ ဆက်တိုက်သောက်မိလျှင် လေသန့်စင်မှုခုနစ်ဆယ်ရာခိုင်နှုန်း အောက်သို့ ကျသွားလိမ့်မည်။ ထိုအခါ လျှပ်စစ်မီးများ အလိုအလျောက် ပြတ်တောက်သွားလိမ့်မည်။ ဆေးလိပ်များများ မသောက်မိအောင် ပြုလုပ်ထားသော အစီအစဉ် ဖြစ်၏။ အိမ်တိုင်း အိမ်တိုင်း ထိုကိရိယာများ တပ်ဆင်ဖို့ ဥပဒေပြဋ္ဌာန်းထားသည်။
ဆိုဖာပေါ် ထိုင်လိုက်ပြီး ရုပ်မြင်သံကြားစက်ကို ဖွင့်သည်။ သတင်းအစီအစဉ်ကို ကြည့်သည်။ လတ်တလော ဖြစ်ပျက်နေတာတွေကို အချိန်နှင့် တစ်ပြေးညီ တိုက်ရိုက်လွှင့်ပေးနေသည်။ သတင်းတွေက သိပ်ထူးထူးခြားခြား စိတ်ဝင်စားစရာ မရှိ။ ထို့ကြောင့် အားကစားချယ်နယ်ကို ပြောင်း လိုက် သည်။
နှစ်စဉ် ကျင်းပမြဲဖြစ်သော တောက်ကမ္ဘာခြမ်းနှင့် မြောက်ကမ္ဘာခြမ်းတို့၏ ချစ်ကြည်ရေးဘောလုံးပွဲကို မနေ့က ကျင်းကခဲ့သည်။ သူတို့ စံတော်ချိန်နှင့်ဆိုလျှင် ညသန်းခေါင်ကျော်လောက် ဖြစ်၏။ ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့်တိုင် သူအိပ်ပျော်နေသဖြင့် မကြည့်ခဲ့ရ။ ထိုပွဲကို အင်တာနက်မှတဆင့် ပြန်ခေါ်လိုက်သည်။ ပွဲအစအဆုံးကြည့်ဖို့ အချိန်မရ။ ထှို့ကြောင့် highlight အစီအစဉ်ကို ကြည့်သည်။ ဘောလုံးပွဲ၏ အကောင်းဆုံးကစားကွက်များကို ဆယ့်ငါးမိနစ်အတွင်း စီစဉ်ပြသသည်။ နှစ်ဂိုးစီ သရေပွဲ ဖြစ်သွား၏။
ရုပ်မြင်သံကြားစက်ကို ပိတ်လိုက်ပြီးနောက် ရုံးခန်းထဲသို့ ၀င်လာခဲ့သည်။ ဒီနေ့ လုပ်ငန်းခွင် စောစောဝင်မည်ဟု စိတ်ကူးသည်။ လုပ်စရာအလုပ်တွေ စောစောပြီးပြတ်လျှင် ညနေပိုင်းတွင် သူ့ချစ်သူနှင့် လူကိုယ်တိုင် ချိန်းတွေ့နိုင်ဖို့ မျှော်လင့်ထားသည်။
သူတို့နှစ်ယောင်သည် ခုချိန်မှာ ခေတ်စားနေသော အွန်လိုင်းချစ်သူများ ဖြစ်ကြ၏။ အင်တာနက်မှတဆင့် မိတ်ဆက်ကြပြီးနောက် ချစ်ကြိုက်ခဲ့ကြခြင်း ဖြစ်၏။ သူတို့သည် တီဗီဖုန်းဖြင့်သာ ဆက်သွယ်စကားပြောရတာ များသည်။ တစ်လတစ်ကြိမ်လောက်သာ လူကိုယ်တိုင် တွေ့နိုင်သည်။
အကြောင်းကတော့ သူတို့နေသော မြို့ များသည် ကီလိုမီတာ ငါးရာလောက် ဝေးကွာနေသောကြောင့်ပင် ဖြစ်၏။ လူချင်း တွေ့ချင်သောအခါမြို့ နှစ်မြို့ ၏ အလယ်လောက်မှာရှိသော ကြားမြို့ ကလေးမှာ ချိန်းဆိုကြသည်။ သံလိုက်ရထားနှင့်ဆိုလျှင် တစ်နာရီသာသာလောက် သွားရ၏။ အလုပ်စောစောပြီးလျှင် ညနေစောင်း မတိုင်ခင်တောင် ရောက်သွားနိုင်သည်။ ချစ်သူနှင့် အေးအေးဆေးဆေး တွေ့ဆုံစကားပြောပြီး ညစာတောင် အတူစားနိုင်သေးသည်။
သူသည် ရုံးခန်းထဲက စားပွဲမှာထိုင်ပြီး ကွန်ပျူတာကို ဖွင့်လိုက်သည်။ ဒီနေ့လုပ်ရမည့် လုပ်ငန်း အစီအစဉ်များ ပေါ်လာသည်။ နိုင်ငံခြား ကုမ္ပဏီတစ်ခုသို့ အီးမေးလ်ကို စောင့်သည်။ ဆယ်မိနစ်အတွင်း အကြောင်းပြန်လာသည်။ သူတို့အဆိုပြုထားသော ဈေးနှုန်းကို လက်ခံကြောင်း ပြန်ကြားသည်။ဒီနေ့အဖို့တော့ မင်္ဂလာရှိသော သတင်းနှင့် စတင်ကြုံတွေ့ရပြီး တစ်နေ့လုံး အဆင်ပြေမှုတွေကိုသာ ကြုံရတော့မည်ဟု တွေးပြီး ကျေနပ်သွားသည်။ ထိုအကြောင်းကို ရုံးချုပ်ရှိ ပင်မကွန်ပျူတာသို့ သတင်းပို့လိုက်၏။
ဒုတိယ အစီအစဉ်က ဘဏ်နှင့် ဆက်သွယ်ရခြင်း ဖြစ်၏။ ထို့နောက် ငွေစာရင်းဌာန၊ ပြီးတော့ ကြော်ငြာဌာနခွဲ၊ အချိန်တိုတိုအတွင်းမှာပင် အလုပ်တွေ အများကြီး ပြီးသွားသည်။ ဒီလို လုပ်ရည်ကိုင်ရည် ရှိသောကြောင့်လည်း အသက်ငယ်ငယ်လေးနှင့် ဒီရာထူးကို ရရှိခဲ့ခြင်းဖြစ်၏။ ကုမ္ပဏီ၏ အရာထမ်း အဆင့်ထဲမှာတော့ သူ အသက်အငယ်ဆုံးပဲ။
ကွန်ပျူတာမှ အချက်ပေးသံ ထွက်ပေါ်လာသည်။ ရုံးချုပ်မှ တစ်စုံတစ်ခု အသိပေး အကြောင်း ကြားလိုသော သဘောဖြစ်၏။ ရုံးချုပ်နှင့် တိုက်ရိုက်ဆက်သွယ်သော လိုင်းကို ဖွင့်လိုက်သည်။ နောက် ဆယ့်ငါးမိနစ်အကြာတွင် အစည်းအဝေးရှိမည် ဖြစ်သောကြောင့် အဆင်သင့်ပြင်ထားဖို့ အသိပေးခြင်းဖြစ်၏။ ဆွေးနွေးမည့် အကြောင်းအရာတွေကတော့ ၀န်ထမ်းများကို ယခုနှစ်အတွက် ဆုကြေး ဘယ်လောက်ပေးသင့်သလဲဆိုတာ ညှိနှုင်းဖို့ ကိစ္စနှင့်သူ အဆိုပြု တင်ပြထားသော တောင်အာရှမှာ ဌာနခွဲတစ်ခု ထပ်ဖွင့်ဖို့ ကိစ္စများ ဖြစ်၏။
ထိုကိစ္စ နှစ်ခုစလုံးသည် လောလောလတ်လတ် ရရှိထားသော လုပ်ငန်းအောင်မြင်မှုနှင့် ဆက်နွယ်နေ သည်။ ဒီအောင်မြင်မှုမှာလည်း သူ၏ ကြိုးစားအားထုတ်မှုသည် အဓိက အခန်းက ပါဝင်နေသည်။ သူ့အနေဖြင့် မကြာခင်မှာ ရာထူးတိုးဖို့ သေချာသလောက် ဖြစ်နေပြီ။
အစည်းအဝေးချိန် ရောက်လာသည်။ သူက ကွန်ဖရင့်အစီအစဉ်ကို တင်လိုက်သည်။ ကွန်ပျူတာပေါ်မှာ အစည်းအဝေး တက်ရောက်မည့်သူ များ၏ ရုပ်ပုံများ ပေါ်လာသည်။ အပေါ်ဆုံးက ကွက်လပ်တစ်ခုသာ လွတ်နေ သည်။ ထုံးစံအတိုင်း ကုမ္ပဏီဥက္ကဌ တက်မလာသေး။
အစည်းအဝေး တက်ရောက်သူများသည် မိမိတို့အိမ်ရှိ ကွန်ပျူတာများရှေ့ မှာ အသီးသီး ထိုင်နေကြခြင်းဖြစ်၏။ ကွန်ပျူတာတွေကို ရုံးချုပ်ရှိပင်မကွန်ပျူတာကြီးမှတစ်ဆင့် ကွန်ရက်သဖွယ် ဆက်သွယ် ထား သည်။ ကွန်ပျူတာမှာ ပါဝင်သော ကင်မရာငယ်က ရုပ်ပုံတွေကို ရိုက်ပြီး ပေါင်းစပ် ပေးခြင်းဖြင့် ဖန်သား ပြင်ပေါ်မှာ အစည်းအဝေးတက်သူ အားလုံး၏ ပုံများပေါ်နေခြင်း ဖြစ်၏။
အပေါ်ဆုံးမှ လွတ်နေသော ကွက်လပ်နေရာတွင် ကုမ္ပဏီဥက္ကဌ၏ပုံ ဖျတ်ခနဲ ပေါ်လာသည်။ ဥက္ကဌက ဆောရီးပဲ၊ ကိုယ်နည်းနည်းနောက်တျသွားတယ် ဟု ပြောနေကျအတိုင်း ဆိုသည်။ ထို့နောက် အစည်းအဝေး စတင်သည်။
ဝန်ထမ်းများ၏ ဆုကြေးငွေကိစ္စကို ဘဏာရေးဌာန တာဝန်ခံက တင်ပြသည်။ ကုမ္ပဏီ၏ ရှေ့အလားအလာ အလွန်ကောင်းနေသဖြင့် ဆုကြေးငွေကို နည်းနည်းတိုးပေးသင့်ကြောင်း သူက ၀င်ဆွေးနွေးသည်။ ဘဏာရေးတာဝန်ခံ အပျိုကြီးသည် သူ့အိတ်ထဲက စိုက်ပေးရမှာ မဟုတ်ဘဲလျက် အင်တင်တင် လုပ်နေသေးသည်။ ဥက္ကဌက ပေးလိုက်ပါဟု ဆုံးဖြတ်ချက် ချလိုက်၏။
ထို့နောက် တောင်အာရှဌာနခွဲ အသစ်ဖွင့်ဖို့ကိစ္စ ဆက်ဆွေးနွေးသည်။ အားလုံးကပင် ဖွင့်သင့်ကြောင်း ထောက်ခံကြသည်။ ထိုကိစ္စအတွက်စီမံချက်ရေးဆွဲရန် သူ့ကိုပင် တာဝန်ပေးသည်။ ထိုဌာနခွဲ ဖွင့်ပြီးလျှင် သူပဲ ဦးဆောင်ရလိမ့်မည်ဟု နားလည်သဘောပေါက်ပြီးသား ဖြစ်သွား၏။
အစည်းအဝေး ပြီးဆုံးသွားသည်။ အစည်းအဝေးတက်ရောက်နေသူများ၏ ရုပ်ပုံများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားသည်။ ကြော်ငြာဌာနတာဝန်ခံ တစ်ယော်သာ ကျန်သည်။ ကွန်ကရက်ကျုးရှင်းဟုဝမ်းသာစကားဆိုပြီးနောက်ဘယ်လိုလဲသူငယ်ချင်း၊ညနေကျရင် စစ်တုရင်တစ်ပွဲလောက်ထိုးရအောင် ဟု ပြောသည်။
သူက မမှတ်သေးဘူးလား ဟု ရယ်ရင်းပြောသည်။ ပြီးခဲ့သော သုံးပွဲစလုံး သူကချည်း နိုင်ခဲ့တာကိုး။ သူက ဆက်၍ ညနေကျရင် ခရီးထွက်စရာရှိတယ်။ ရထားပေါ်မှာ တစ်နာရီကျော်ကျော်လောက် အချိန်ရတယ်။ ကိုယ်ဆက်သွယ်လိုက်မယ်။ အိမ်မှာပဲ စောင့်နေ ဟု ပြောလိုက်၏။ ကြော်ငြာတာဝန်ခံက ဒီတစ်ခါတော့ ပွဲကြီးပွဲကောင်းပဲ၊ စူပါဒိတ်ဘလူးရဲ့ ကစားကွက်တွေ ကိုယ် လေ့လာထားတယ်၊ တွေ့ကြသေးတာပေါ့ ဟု ပြန်ပြောသည်။

သူသည် တောင်အာရှဒေသအကြောင်းကို အင်တာနက်မှတစ်ဆင့် လေ့လာကြည့်နေလိုက်သည်။ အထူးသဖြင့် တောင်အာရှနိုင်ငံများ၏ ပထ၀ီအနေအထား၊ လူဦးရေ၊ စီးပွားရေးအခြေအနေ၊ လမ်းပန်းဆက်သွယ်မှုများကို ဆန်းစစ်ကြည့်လိုက်၏။ ဘယ်နိုင်ငံမှာ ဌာနခွဲကို ရုံးစိုက်သင့်သလဲ ဆိုတာ ရွေးချယ်နိုင်ဖို့ ဖြစ်၏။ အချက်အလက် အပြည့်အစုံကို မိနစ်ပိုင်းလေးအတွင်းမှာပင် အလွယ်တကူ ရှာဖွေကြည့်နိုင်သည်။
ထိုအခါ သူ့အဖေ ပြန်ပြောသော အကြောင်းများကို သွားသတိရမိ၏။ အဖေတို့ လူငယ်ဘ၀က အလုပ်စ၀င်စဉ် အချိန်တုန်းကဆိုရင် အချက်အလက်ကလေး အနည်းငယ်ကို သိရဖို့အရေး နေ့တစ်ဝက်လောက် အချိန်ကုန်ခံပြီး နေရာ သုံးလေးနေရာလောက်ကို အပင်ပန်းခံ ပြေးလွှားရှာဖွေရသတဲ့။
ပြီးတော့ ထိုအချိန်က ရုံးဆိုသည်မှာ မြို့ လယ်က ကြီးမားသော အဆောက်အအုံကြီးဖြစ်၏။ ဒီထဲမှာ စားပွဲတွေ အများကြီး၊ လူတွေအများကြီး စုပြီး တကုပ်ကုပ် လုပ်ကြရသည်။ မှတ်တမ်းမှတ်ရာ အားလုံးမှာ စာရွက်တွေ၊ဖိုင်တွဲတွေချည်းပဲ။ကိစ္စအတော်များများကို ဖောင်တိန်တွေ၊ ဘောပင်တွေသုံးပြီး ကိုယ်တိုင် လက်ရေးနှင့် ရေးကြရသည်။
ဝန်ထမ်းအများစုသည် ရုံးနှင့် အတော်ဝေးရာ အရပ်မှာ နေထိုင်ကြသည်။ နေရာအနှံ့ ၀န်ထမ်းများသည် ဘတ်စ်ကား၊ မီးရထားတို့နှင့် ရုံးကို လာကြရသည်။ ရုံးချိန်ဆိုလျှင် ရထား၊ ကား ကြပ်လေ့ရှိပြီး လမ်းမှာတင် နာရီနှင့်ချီပြီး အချိန်ကြာတတ်သည်ဆို၏။ ရုံးတစ်ခါတက်ဖို့အရေး အတော် ပင်ပန်းခဲ့ကြရှာတာပါလား။ လူတွေက လမ်းပေါ်မှာပဲ အချိန်တွေ အလဟဿ ကုန်ခဲ့ကြတာပါလား။
ရုံးမှာလည်း လူတွေ အများကြီးဆိုတော့ မျက်စိနောက်စရာပဲ။ ပြဿနာတွေလည်း စုံနေလိမ့်မယ်။ အဖေကတော့ လူအများကြီးနဲ့ အလုပ်လုပ်ရတော့ လူမှုဆက်ဆံရေးမှာ ပိုကျွမ်းကျင်လာတာပေါ့ တဲ့၊ သိုက်သိုက်ဝန်းဝန်း အလုပ်လုပ်ရတာ ပျော်စရာကြီးဆိုပဲ။
သူတို့ခေတ် ရောက်တော့ ရုံးဆိုသည်မှာ လူတွေအများကြီး တရုံးရုံး ၀င်ထွက်နေသော အ ဆောက်အ အုံကြီး မဟုတ်တော့။ ရုံးဝန်ထမ်းတွေက ကိုယ့်အိမ်ရှိ ကွန်ပျူတာရှေ့ မှာ ထိုင်လိုက်လျှင် ရုံးတက်တာပဲ ဖြစ်၏။ ရုံးကို အဝေးကြီး သွားတက်နေစရာမလို။ ရုံးချုပ်ဆိုတာကလည်း ၀န်ထမ်းများ၏ကွန်ပျူတာများကို ဆက်သွယ် ထိန်းချုပ်ထားသော ပင်မ ကွန်ပျူတာများကို ဆက်သွယ်ထိန်းချုပ်ထားသော ပင်မကွန်ပျူတာကြီးနှင့် လူအနည်း ငယ်လောက်သာ ရှိသော နေရာဖြစ်၏။
အလုပ်ချိန် ဆိုတာကလည်း ဘယ်နှနာရီဟု သတ်မှတ်ထားခြင်းမဟုတ်။ တစ်နေ့တာအတွက် ကိုယ်လုပ် ရမည့် တာဝန်ကို ပြီးအောင် ဆောင်ရွက်ပြီးလျှင် ရုံးဆင်းလို့ရပြီ။
ဟိုအချိန်က ကာယလုပ်သားတွေကို ကော်လာပြာလူတန်းစား(ဘလူးကော်လာ) ဟု ခေါ်ကြသည်။ ၀တ်စုံအပြာရောင် ၀တ်ဆင်လေ့ရှိကြသောကြောင့်ဖြစ်၏။အဖြူရောင်အင်္ကျီဝတ်လေ့ရှိသောဥာဏလုပ်သားတွေကိုတော့ကော်လာဖြူလူတန်းစား(၀ှိုက်ကော်လာ) ဟုခေါ်သည်။ နောက်ပိုင်း စက်ရုပ်လုပ်သားတွေ ပေါ်လာ သောအခါ သံမဏိကော်လာ( စတီးလ်ကော်လာ) ဟု ခေါ်ကြပြန်သည်။ ခုတော့ သူတို့လို ကွန်ပျူတာရှေ့ မှာ ထိုင်ပြီး အလုပ်လုပ်ကြသော သူများကို ခေါ်သော ဝေါဟာရသစ်တစ်ခု တွင်လာသည်။
အီလက်ထရွန်းနစ်ကော်လာ(အီးကော်လာ) ဟူ၍ ဖြစ်လေ၏။
တစ်ချိန်က ကလောင်တွန်းသမားများ ဟု ခေါ်ကြသလို ခုလည်း ခလုတ်နှိပ်သမားများ ဟု ခေါ်ကြသည်။ ခေတ်ပေါ်ဝေါဟာရ အရဆိုလျှင်တော့ ကလစ်ကာများ ပေါ့။ မောက်စ်ကီပါ ဟု ဆိုသူကလည်း ဆိုသည်။
ဟုတ်လည်းဟုတ်သည်။သူတို့သည်ရုံးကိစ္စတွင်မကအခြားသောကိစ္စတွေကိုပါခလုတ်နှိပ်ရုံဖြင့်ပီးမြောက်အောင်ဆောင်ရွက်နိုင်နေပြီ။ စစ်သားများပင်လျှင် သေနတ်မကိုင်တော့ဘဲ ကီးဘုတ်ကိုင်ပြီး စစ်တိုက်နေကြပြီ။

ဇီဝမှတ်တမ်းကိရိယာဆီက အချက်ပေးသံ ပေါ်လာပြန်သည်။ ကြည့်လိုက်တော့ ၀မ်းဗိုက်ထဲမှာ အစားဟောင်းတွေ
ပြည့်နေပြီ ဖြစ်သဖြင့် စွန့် ထုတ်ပစ်သင့်ပြီ ဟု အကြံပေးထားသည်။ သူလည်း ၀မ်းထဲက ရစ်ချင်သလို ဖြစ်လာ၏။
ထို့ကြောင့် အိမ်သာထဲသို့ သွားသည်။ ကမုတ်ပေါ်မှာ ထိုင်လိုက်သည်။ အိမ်သာတံခါး အတွင်းဘက်မှာ ကပ်ထားသော ဖန်သားပြင်ပေါ်တွင် ဒစ်ဂျစ်တယ်ကိန်းဂဏန်းများ ပေါ်လာသည်။ လက်ရှိ ကိုယ်အလေးချိန်၊ လွန်ခဲ့သော တစ်ပတ်က ကိုယ်အလေးချိန်၊ ပြီးခဲ့သော တစ်နှစ်အတွင်းက လစဉ် ရှိခဲ့သော ကိုယ်အလေးချိန်များကို အတိုးအလျှော့ ရာခိုင်နှုန်းများနှင့်တကွ ဖော်ပြထားသည်။
သူသည် သူ့အဖေဆီက အကျင့်တစ်ခုကို အမွေရခဲ့သည်။ သူ့အဖေက အိမ်သာတက်လျှင် သတင်းစာ ဖတ်တတ်သည်။ သူကတော့ အိမ်သာတက်ရင်း သတင်းကြည့်တတ်သည်။ ထို့ကြောင့် ရှေ့က ဖန်သားပြင်ကို ရုပ်မြင်သံကြား သတင်းအစီအစဉ်သို့ ပြောင်းပြီး ကြည့်နေလိုက်သည်။
မိနစ်အနည်းငယ်ကြာသည်အထိ သူ့ဝမ်းဗိုက်က မထူးခြားသေး။ ဘယ်လိုဖြစ်တာပါလိမ့်။ ပြီးတော့မှ သူ့ဖာသာ အတွေးပေါက်ပြီး ပြုံးလိုက်မိ၏။ သူသည် အရာရာကို အလိုအလျောက်စနစ်ဖြင့် ခလုတ်နှိပ်ပြီး ဆောင်ရွက်နေကျ ဖြစ်သောကြောင့် အကျင့်ပါနေတာလေ။ ဟုတ်သားပဲ၊ ခုကိစ္စကတော့ ကိုယ့်အားကိုယ်ကိုးရမှာပေါ့။ ထို့ကြောင့် ကြွက်သားတွေ်ကို တအားညှစ်ထုတ်လိုက်တော့မှ လျှောခနဲ ထွက်ကျပြီး အဆင်ပြေသွားသည်။

ခုမှပဲ ကိုယ့်လုပ်အားကို အပြည့်အ၀ အသုံးချခွင့် ရတော့သည်။





1 comment:

ဇင်ယော် said...

မိုက်တယ်ဗျာ ဒါလေးကိုတော့ အကြိုက်ဆုံးပဲ။